ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ

*ချောမောလှပ ချမ်းသာပြီး ထင်ရှားကျော်ကြားလိုလျှင်*

ပုထုဇဉ်လူသားတို့သည် လှတာလေး ကောင်းတာလေးမှ လိုချင်ကြတယ်။ ယနေ့ခေတ်တွင်
အလှအပအတွက် နည်းအမျိုးမျိုးဖြင့် ပြင်ဆင်ချယ်သပြီး
အလှချင်းပြိုင်နေကြတယ်။ နည်းပညာတွေတိုးတက်လာတော့ မလှတာတွေကိုလည်း လှအောင်
ပြုပြင်လို့ရလာတယ်။
လောကနီတိတွင်လည်း "မိန်းမတို့၏ အလှအပသည် ဥစ္စာရတနာဖြစ်၏" ဆိုထားပါတယ်။
အလှသည် မိန်းခလေးတို့အတွက် တစ်ခါတစ်ရံတွင် အန္တရာယ်ဖြစ်တယ်။
အလှမာန်ယစ်ပြီး အလှကြောင့် ဘ၀ပျက်တတ်တယ်။ ထိုကြောင့်
အလှကြောင့်ဘ၀မပျက်အောင် ဆင်ခြင်တုံတရားလေးများထားကာ သတိထားကြစေချင်တယ်။
ရုပ်ချော ဥစ္စာဓနပေါ သဘောမနောလည်းကောင်း ထင်ပေါ်ကျော်ကြားသူသာဖြစ်လျှင်
ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ ပုထုဇဉ်တို့သည် အမှန်ပင်ယုံမှတ်ကာ
တစ်ဘ၀လုံး ပုံအပ်ကြမည် ဖြစ်ပါတယ်။ ထို့သို့သော သူများဖြစ်အောင်
မလ္လိကာမိဖုရားကြီးက ဗုဒ္ဓဘုရားရှင်အား ရုပ်ချောခြင်း၊ ဥစ္စာပေါခြင်း၊
အရှိန်အ၀ါ သြဇာကြီးမားကြီးတို့နှင့် ပတ်သက်၍
လျှောက်ထားမေးမြန်းချက်များကို မေတ္တာရှင်ဘာသာ ယဉ်ကျေးမှုမဂ္ဂဇင်းမှ
မုံရွာနေဇာ၏ ဆောင်းပါးမှ ထုတ်နုတ်၍ စာဖတ်သူများအား
ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင် သာဝတ္တိပြည်၊ ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ်က ဖြစ်ပါသည်။
မလ္လိကာ။ ။အရှင်ဘုရား ဤလောကမှာ အချို့သော မိန်းမများသည် ရုပ်အဆင်းမလှပ၊
ဥစ္စာဓနလည်း ဆင်းရဲ။ တန်ခိုးအရှိန်အ၀ါလည်း နည်းပါးကြပါသည် ဘုရား။
အချို့မိန်းမများမှာ- ရုပ်ရည်အဆင်း မချောမော မလှပကြသော်လည်း ဥစ္စာဓန
ပေါများကြသည်။ တန်ခိုးအရှိန်အ၀ါလည်း ကြီးမားကြပါသည် ဘုရား။
အချို့သော မိန်းမများမှာတော့ ရုပ်ရည်အဆင်း လှပသော်လည်း ဥစ္စာဓနဆင်းရဲ၊
တန်ခိုးအရှိန်အ၀ါလည်း နည်းပါးကြပါသည် ဘုရား။
အချို့သောမိန်းမများကား- ရုပ်ရည်အဆင်း ချောမော လှပကြသည်။ ဥစ္စာဓနလည်း
ချမ်းသာ ကြွယ်ဝကြသည်။ တန်ခိုးအရှိန်အ၀ါလည်း ကြီးမားကြပါသည် အရှင်ဘုရား။
ဤကဲ့သို့ မတူကွဲပြား ခြားနားနေကြခြင်းမှာ အဘယ်ကြောင့်ပါနည်း။
မလ္လိကာမိဖုရား၏ မေးခွန်းလေးခုအချုပ်ကား-
၁။ ရုပ်လည်းမချော၊ ဥစ္စာလည်းမပေါ၊ အရှိန်အ၀ါလည်း မရှိသူ။
၂။ ဥစ္စာပေါ၊ အရှိန်အ၀ါရှိသော်လည်း၊ ရုပ်မချောသူ။
၃။ ရုပ်ရည်ချောမောသော်လည်း ဥစ္စာမပေါ၊ တန်ခိုးအရှိန်အ၀ါ မရှိသူ။
၎။ ရုပ်ရည်လည်း ချော၊ ဥစ္စာလည်းပေါ၊ အရှိန်အ၀ါလည်းရှိသူ ဟူ၍ဖြစ်သည်။
ဗုဒ္ဓဘုရားရှင်၏ ဖြေကြားချက်…
(၁) မလ္လိကာ ဤလောကပ၌ အချို့သော မိန်းမတို့သည် အမျက်ဒေါသကြီး၏။
ရဟန်းသံဃာနှင့် အလှူခံပုဂ္ဂိုလ်တို့အား ထမင်းအဖျော်စသည်တို့ကို
ပေးလှူခြင်းမရှိ။ သူတစ်ပါးတို့ လာဘ်ရခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း
စသည်တို့၌ မနာလို၊ မရှုဆိတ် ဖြစ်နေ၏။
ထိုမိန်းမတို့သည် ဖြစ်လေရာဘ၀တိုင်း၌ ရုပ်ရည်အဆင်းလှပသူ၊ ဥစ္စာဓနဆင်းရဲသူ၊
တန်ခိုးအရှိန်အ၀ါ နည်းပါးသူဖြစ်ရာ၏။
(၂) မလ္လိကာ ဤလောက၌ အချို့သော မိန်းမတို့သည် အမျက်ဒေါသကြီး၏။ ရဟန်းသံဃာ၊
အလှူခံပုဂ္ဂိုလ်တို့အား ထမင်းအဖျော် စသည်တို့ကိုကား ပေးကမ်းလှူဒါန်း၏။
သူတစ်ပါး လဘ်ရခြင်း၊ ကြီးပွားချမ်းသာခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း
စသည်တို့၌ မနာလို ၀န်တိုစိတ်မရှိ။ ထိုမိန်းမတို့သည် ဖြစ်လေရာ ဘ၀တိုင်း၌
ရုပ်ရည် အဆင်းမလှပသော်လည်း စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝ၏။
တန်ခိုးအရှိန်အ၀ါလည်း ကြီးတတ်၏။
(၃) မလ္လိကာ ဤလောက၌ အချို့သောမိန်းမတို့သည် အမျက်ဒေါသနည်း၏။ သို့သော်
ရဟန်းသံဃာနှင့် အလှူခံပုဂ္ဂိုလ်တို့အား ထမင်းအဖျော် စသော
လှူဖွယ်ပစ္စည်းများကိုကား လှူဒါန်းပေးကမ်းခြင်းမရှိ။ သူတစ်ပါး
ကြီးပွားချမ်းသာသည်ကိုလည်း မနာလို မရှုဆိတ်ရှိ၏။
ထိုမိန်းမတို့သည် ဖြစ်လေရာဘ၀တိုင်း၌ ရုပ်ရည်ချောမောလှပသော်လည်း
ဆင်းရဲနွမ်းပါး၏။ တန်ခိုးအရှိန်အ၀ါလည်း ကင်းမဲ့ဘိ၏။
(၄) မလ္လိကာ ဤလောက၌ အချို့သောမိန်းမတို့သည်မူကား အမျက်ဒေါသလည်း နည်းပါး၏။
ရဟန်းသံဃာနှင့် အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်း ပေးကမ်းစွန့်ကြဲ၏။
သူတစ်ပါး ချမ်းသာကြီးပွားခြင်း စသည်တို့၌လည်း မနာလိုခြင်း မဖြစ်။
ထိုမိန်းမတို့သည် ဖြစ်လေရာဘ၀တိုင်း၌ ရုပ်ရည်လည်း ချောမောလှပ၏။ ဥစ္စာလည်း
ပေါများ ချမ်းသာဘိ၏။ တန်ခိုးအရှိန်အ၀ါလည်း ကြီးမားသူဖြစ်ရ၏။
မလ္လိကာ။ ။ အရှင်ဘုရား….. သို့ဖြစ်ပါမူ။ တပည့်တော်မသည် တစ်ပါးသော
ဘ၀တုန်းက အမျက်ဒေါသကြီးသူ ဖြစ်ခဲ့ဟန်တူပါသည်။
ထို့ကြောင့်ပင် ယခုဘ၀၌ အဆင်းမလှသူ ဖြစ်နေရပါသည်။
အရှင်ဘုရား… တပည့်တော်မသည် တစ်ခုသောဘ၀၌ ရဟန်းသံဃာ အလှူခံပုဂ္ဂိုလ်တို့အား
ဆွမ်းသင်္ကန်း၊ အဖျော်စသည်တို့ကို လှူဒါန်းခဲ့ဟန်တူပါသည်။ ထို့ကြောင့်ပင်
ယခုဘ၀၌ ချမ်းသာကြွယ်ဝသူ ဖြစ်နေရပါသည်။
အရှင်ဘုရား… တပည့်တော်မသည် တစ်ပါးသော ဘ၀၌ သူတစ်ပါးတို့ လာဘ်ပေါများခြင်း၊
ကြီးပွားချမ်းသာခြင်း စသည်တို့၌ မနာလိုသော စိတ်မရှိခဲ့သူ
ဖြစ်ခဲ့ဟန်တူပါသည်။
ထို့ကြောင့်ပင် ယခုဘ၀၌ တန်ခိုးအရှိန်အ၀ါ ကြီးသူဖြစ်နေရပါသည်။
အရှင်ဘုရား… တပည့်တော်မသည် ယနေ့မှစ၍ အမျက်ဒေါသ မကြီးသူဖြစ်အောင်
ကြိုးစားထိန်းသိမ်းပါတော့မည်။
ရဟန်းသံဃာ အလှူခံပုဂ္ဂိုလ်တို့အား မိမိတတ်စွမ်းသလောက် လှူဒါန်းပေးကမ်းပါတော့မည်။
သူတစ်ပါးတို့ ကြီးပွားချမ်းသာခြင်း၊ ကျော်စော ထင်ရှားခြင်းအား မနာလို
မရှုဆိတ်သူ မဖြစ်အောင် ကြိုးစားပါတော့မည်ဟု ဗုဒ္ဓဘုရားရှင်အား
ဝန်ခံလျှောက်ထားလိုက်လေသတည်း။
အားလုံးသော ဓမ္မမိတ်ဆွေများ ချောမောလှပပြီး ချမ်းသာသုခအ၀၀နဲ့ပြည့်စုံပါစေ။
တောသားလေး(မြန်အောင်)

မြွေပါ

၎.၁.၂၀၁၂ တွင် ပုံပြင်စာအုပ်တွေထဲမှာ ငယ်ငယ်က ဖတ်ခဲ့ရသော “မြွေပါလည်းဆုံး သားလည်းဆုံး” စကားပုံ ထဲမှမြွေပါ သတ္တ၀ါကို အပြင်မှာလက်တွေ့ မြင်တွေ့ခဲ့ရပါတယ်။ အကောင်ပေါက် လေးဖြစ်ကာ မိသားစုနဲ့ ကွဲလာ တာဖြစ်နိုင်ချေ ရှိပါတယ်။ ကျွန်တော်တို့တွေ ဓါတ်ပုံရိုက်ပြီး တောထဲကို ပြန်လွှတ်ပေးလိုက်ပါတယ်။ မြွေပါလေးက ကျွန်တော် တို့တစ်တွေ သွားရင်လည်း နောက်ကနေ လိုက်နေတဲ့အတွက် သူ့မိသားစုရှိရာ တောထဲကို အသံမပေးဘဲ ပြန် လွှတ်ပြီး ထားခဲ့ရပါတယ်။ ကျွန်တော်လည်း အခုမှ မြင်ဖူးခြင်း ဖြစ်ပြီး မမြင်ဖူးသေးသော မိတ်ဆွေ သူငယ်ချင်းများ အတွက်လည်း ပြန်လည် မျှဝေနိုင်ရန်အတွက် ဓါတ်ပုံ မှတ်တမ်း တင်ခဲ့ခြင်း ဖြစ်ပါတယ်။









တောသားလေး (မြန်အောင်)

*မနောဖြူတဲ့တောအလှူ*

ကျွန်တော်တို့ မြို့နယ်ရှိ ဘုရားတောင်ကျောင်းတိုက်တွင် နှစ်စဉ်နှစ်တိုင်း
ပရိယတ္တိစာပြန်ပွဲများကို ကျင်းပကြပါသည်။ စာပြန်ပွဲမှ သံဃာတော်များသည်
အနီးပတ်ဝန်းကျင်ရှိ ကျေးလက်တောရွာများကို တစ်ရွာတစ်ရက်ဆီ
ဆွမ်းခံကြွကြပါသည်။ ဒီနှစ်စာပြန်ပွဲတွင် သံဃာတော်အပါး (၁၅၀) ကျော်
ဝင်ရောက်ဖြေဆိုကြပါသည်။
ကျွန်တော်တို့ရွာတွင် တောင်သူလယ်သမားများနှင့်
လက်လုပ်လက်စားများနေထိုင်ကြပြီး တောင်သူဦးကြီးများ ဆန်ရေစပါးပေါများပါက
အလှူပွဲများခြိမ့်ခြိမ့်သဲမျှ ပြုလုပ်ကြပါသည်။ ပြာသိုလဆန်း(၁၄) ရက်တွင်
ကျွန်တော်တို့ ရွာအပါအ၀င် ရွာငါးရွာကို သံဃာတော်များ
ဆွမ်းခံကြွမည်ဖြစ်ကြောင်း ကြိုတင်၍ ရွာထဲတွင် စာများကြော်ငြာများဖြင့်
နိဗ္ဗာန်ဆော်များက နှိုးဆော်ထားကြပါသည်။ ပြာသိုလဆန်း (၁၃)နေ့ ညနေကတည်းက
ကျွန်တော်တို့ရွာရှိ လမ်းများကို သံဃာတော်များ ကြွလာကြမည်ဖြစ်၍ ကြိုတင်၍
ကိုယ်အိမ်ရှေ့ရှိ လမ်းများကို တံမြတ်စည်းလှည်းခြင်း
အမှိုက်ရှင်းခြင်းဖြင့် လုပ်အားဒါန ကုသိုလ်ပြုလုပ်နေကြပါသည်
ပြာသိုလဆန်း(၁၄) ရက်နေ့ နံနက် ချမ်းအေးသော ဆောင်းနှင်းနှင့်အတူ
အရှေ့မှထွက်ပြူလာသော နေလုံးကြီးကို နောက်ခံပြု၍ သံဃာတော်များ
ကြွချီတော်မူလာကြပါသည်။ အဲဒီနံနက်က သံဃာတော်အပါး (၁၅၀)ကျော်တွင်
စာဖြေနေသော သံဃာတော်များမပါ ကျန်ရှိသော သံဃာတော် (၇၀) ကျော်ကြွလာကြပါသည်။
အိမ်တိုင်း အိမ်တိုင်းမှ ဆွမ်း၊ဟင်းများကို သဒ္ဓါတရားထက်သန်စွာ
လောင်းလှူနေကြသည်မှာ ကြည်နှုးဖွယ်ရာမြင်ကွင်း မင်္ဂလာရှိသော
နံနက်ခင်းဖြစ်ပါသည်။ မြတ်စွာဘုရားရှင် သားတော်များဖြစ်သည့် သံဃာတော်များ၏
ကျေးဇူးကြောင့် ယခုလို ကျွန်တော်တို့ရွာရှိ ရွာသူရွာသားများ
ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီး ကောက်ဦးအလှူဒါန
ပြုလုပ်နိုင်ကြခြင်းဖြစ်ပါသည်။ ကျွန်တော်၏ မနောဖြူတဲ့ တောအလှူလေးကို
အားလုံးသာဓုခေါ်ဆိုနိုင်ကြပါစေ။
တောသားလေး(မြန်အောင်)

*သင်္ကြန်စာနှင့်ဆိုင်သော အမေးအဖြေ*

မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်စာအုပ်တွင် ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအတွက် စိတ်ဝင်စားဖွယ်ရာ လိုက်နာဖွယ်ရာ အမေးအဖြေ တစ်ခုကို ကျွန်တော် ဖတ်လိုက်ရပါသည်။ သင်္ကြန်စာနှင့် ပတ်သက်သော အမေးအဖြေ ဖြစ်ပါသည်။ သိပြီးသောသူများအတွက် နောက်တစ်ခါ ပြန်လည်ဖတ်ရူ့နိုင်ရန်နှင့် မသိသေးသောသူများအတွက် သိရှိစေရန်ဆိုသော ရည်ရွယ်ချက်ဖြင့် အောက်ပါအတိုင်း အမေးအဖြေတစ်ပုဒ် ကျွန်တော်ထုတ်နုက် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါသည်။
(မေး) သင်္ကြန်စာများ၏ အဆိုအရ ခေါင်းဖြတ်ကြေး အလောင်းအစား လုပ်ကြရာတွင် ဗြဟ္မာမင်းက ရှုံးသဖြင့် သိကြားမင်းက ဗြဟ္မာမင်း၏ ခေါင်းကိုဖြတ်လိုက်သည်။ ထိုခေါင်းပြတ်ကြီးအား မြေပြင်ကိုချလျှင် မီးလောင်ပြီး သစ်ပင်အားလုံးသေမည်။ ပင်လယ်သို့ချလျှင် ပင်လယ်ရေအားလုံးခန်းခြောက်မည်။
ကောင်းကင်သို့ပစ်လျှင် ရာသီဥတုပျက်စီးပြီး မိုးခေါင်မည်။ ထို့ကြောင့် မည်သည့်နေရာကိုမှ မပစ်တော့ဘဲ နတ်သမီးများကို အလှည့်နှင့် ကိုင်ထားစေသည်။ တစ်နှစ်ပြည့်လျှင် နတ်သမီးတစ်ပါးလက်မှ အခြားနတ်သမီးတစ်ပါးလက်သို့ ပြောင်းရွှေ့ရသည်။ ထိုသို့ ပြောင်းရွှေ့ခြင်းကို "သင်္ကြန်" ဟုခေါ်ကြောင်း ရေးသားထားပါသည်။ ထိုစကားသည် ဗုဒ္ဓ၀ါဒအရ မှန်ကန်မှု ရှိနိုင်မရှိနိုင် သိလိုပါသည်ဘုရား။
တစ်ဖန် သိကြားမင်းသည် သင်္ကြန်တွင် လူ့ပြည်သို့ စီးတော်ယာဉ် တစ်ခုခုကိုစီး၍ နှစ်စဉ်လာသည်ဟူသော စကားသည် ထေရ၀ါဒ ပိဋကတ်တော်နှင့် ကိုက်ညီမှုရှိမရှိ သိလိုပါသည်ဘုရား။
(ထားဝယ်မြို့မှ၊ ပရိသတ်တစ်ဦး)
(ဖြေ) သင်္ဂဟကျမ်း၌ "ရူပလောကေ ပန ဃာနဒိတ္တယံ နတ္တိ" ရူပဗြဟ္မဘုံ၌ နှာခေါင်းအကြည်ရုပ်၊ လျှာအကြည်ရုပ်၊ ကိုယ်အကြည်ရုပ် မရှိဟု ဖွင့်ဆိုထားသောကြောင့် ရူပဗြဟ္မာများသည် နှာခေါင်းပုံဏ္ဍာန်ရှိသော်လည်း နမ်းရှု၍ မရပါ။ လျှာပုံသဏ္ဍာန်ရှိသော်လည်း စားသောက်၍ မရပါ။ အရသာကို မသိပါ။ မျက်စိအကြည်ရုပ်ရှိသည်မှာ တရားနာရန်အတွက်သာဖြစ်သည်။ အဆင်း၊ အသံ၊ အရသာကို ခံစားရန်မဟုတ်။
ကိုယ်ပုံသဏ္ဍာန်ရှိသော်လည်း အထိအတွေ့ကို မခံစားပါ။ နာကျင်မှုမရှိပါ။ ထို့ကြောင့် သူ့ခေါင်းကိုဖြတ်သော်လည်း ဖြတ်ရာမရောက်တော့ပေ။ ဤအချက်တို့ကိုထောက်၍ ဗြဟ္မာမင်းခေါင်းကို ဖြတ်သည်ဟူသော အယူအဆသည် ယုတ္တိမရှိတော့ပေ။
လူ့ပြည်၏ အနှစ်တစ်ရာသည် သိကြားမင်းနေသော တာဝတိံသာနတ်ပြည်၏ တစ်ရက်သာရှိသည်။ လူ့ပြည်အနှစ်တစ်ရာတွင် သင်္ကြန်အခါတရာ ကျလေရာ သိကြားမင်းသည် နတ်ပြည်အတိုင်းအတာအရ တစ်ရက်အတွင်း လူ့ပြည်သို့ အခါတစ်ရာဆင်းရ မလိုဖြစ်နေသည်။ ထို့ကြောင့် ထေရ၀ါဒပိဋကတ်တော် အယူအဆအရ သင်္ကြန်ကျတိုင်း သိကြားမင်း လူ့ပြည်ဆင်းသည်ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
ဗြဟ္မာမင်း၏ ဦးခေါင်းကိုဖြတ်ခြင်း၊ သင်္ကြန်ကျလျှင် သိကြားမင်းသည် ယာဉ်တစ်ခုခုကို စီးနင်းပြီး လူ့ပြည်သို့ဆင်းခြင်း စသောအယူအဆများသည် ဟိန္ဒူဘာသာကျမ်းဂန်တို့မှ လာခြင်းဖြစ်သည်။
မေတ္တာရှင်(ရွှေပြည်သာ)
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး(မြန်အောင်)

*ဂါရ၀ တရားလက်ကိုင်ထားစို့*

မြတ်စွာဘုရားရှင်က ရိုသေထိုက်သူကို ရိုသေလေးစားခြင်းသည် မင်္ဂလားတစ်ပါး ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနား ဟူသော ဆောင်ပုဒ်လည်းရှိပါသည်။ ကျွန်တော်တို့ပတ်ဝန်ကျင်းတွင် တစ်ယောက်နှင့်တစ်ယောက် ဂါရ၀တရား မထားကြသဖြင့် ပြဿနာမျိုးစုံအဖုံဖုံ ဖြစ်ပျက်နေကြခြင်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်ဘယ်လို ဂါရ၀ထားရမလဲဆိုတာကို ဂါရ၀တရား ဆယ်ပါးကို ကြည့်လိုက်ခြင်းဖြင့် သိသာနိုင်ပါသည်။ ဂါရ၀တရားဆယ်ပါးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဗုဒ္ဓဂါရဝ
သစ္စာလေးပါးကို သိတော်မူ၍ သဗ္ဗုညုတဥာဏ်ကို ၇တော်မူလျက် ဘုန်းတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ ကံတော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို၏ ကိုးကွယ်ရာအစစ်ကြီး ဖြစ်တော်မူသော မြတ်စွာဘုရား ဟူ၍ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့အပေါ် မိမိဥာဏ်ရှိသလောက် အောက်မေ့ကြည်ညိုစိတ်ဖြင့် စေတီတော်၊ ဆင်းတုတော် ပုံတော်တို့အား ရိုသေလေးစားစွာ ရှိခိုးပူဇော်ခြင်းနှင့် အဂါရ၀ဖြစ်သော မဖွယ်မရာ အပြုအမူ အပြောအဆိုတို့မှ ရှောင်ကြဉ်ခြင်းတို့သည် ဗုဒ္ဓဂါရ၀ ဖြစ်၏။
၂။ ဓမ္မဂါရဝ
မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတရားတော်များအား ရိုသေလေးစားစွာ လိုက်နာကျင့်သုံးခြင်းသည် ဓမ္မဂါရ၀ဖြစ်၏။
၃။ သံဃဂါရဝ
သံဃာတော်အရှင်မြတ်များသည် မြတ်စွာဘုရားရှင်၏ ၀ိနည်းသိက္ခာတော်တို့ကို လိုက်နာကျင့်သုံးလျက် သာသနာတော်အကျိုးကို ဆောင်ရွက်နေကြသူများဖြစ်ပေ၏။ သံဃာတော်များ ရှိနေခြင်းကြောင့်သာ ဗုဒ္ဓ၏တရားတော်များ တည်ရှိနေခြင်းဖြစ်သည်ဟူသော အသိဖြင့် လက်အုပ်ချီမိုးရှိခိုး အရိုအသေပေးခြင်း ပစ္စည်းလေးပါးကိုတို့ကို လှူဒါန်းခြင်းသည် သံဃဂါရ၀ဖြစ်၏။
၎။ သိက္ခာဂါရဝ
ရှင်ရဟန်းသည် ရှင်ရဟန်းအလျောက်၊ လူသည် လူ့အလျောက် မိမိတို့ ပြုလုပ်ရမည့်အလုပ်၊ ကျင့်ဝတ်သိက္ခာတို့ကို ရိုသေလေးစားစွာ လိုက်နာထိန်းသိမ်းဆောင်ရွက်ခြင်းသည် သိက္ခာဂါရ၀ဖြစ်၏။
၅။ သမာဓိဂါရဝ
သူတစ်ပါးကိုသာမက မိမိကိုယ်မိမိပါ ကြည်ညိုနိုင်အောင် ဣနြေ္ဒခြောက်ပါး (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန) စသည်တို့ကို ထိန်းသိမ်းလျက် သမာဓိတရား ရလာအောင် ကိုယ်၊ နှုတ်၊ စိတ်တို့ကို ရိုသေလေးစားစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် သမာဓိဂါရ၀ဖြစ်၏။
၆။ အပ္ပာမာဒဂါရဝ
မိမိကိုယ်တွင်း (အဇ္ဈတ္တသန္တန်) သို့ အကုသိုလ်တရားများ မ၀င်ရောက်စေဘဲ ကုသိုလ်တရားများသာ ၀င်ရောက်စေရန် သတိတရားဖြင့် မမေ့မလျော့ မပေါ့မဆ ရိုသေလေးစားစွာ စောင့်ထိန်းခြင်းသည် အပ္ပာမာဒဂရ၀ဖြစ်၏။
၇။ ပဋ္ဋိသန္ဓာရဂါရဝ
တစ်ဦးနှင့်တစ်ဦး၊ တစ်မိသားစုနှင့်တစ်မိသားစု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ မေတ္တာဓါတ်မပျက်အောင် အစဉ်ဆက်ဆံပြောဆိုခြင်း။ ဖြူစင်စွာနည်းပေးလမ်းပြ ကူညီခြင်းတို့သည် ပဋ္ဋိသန္ဓာရဂါရ၀ဖြစ်၏။
၈။ ဟိရီဂါရဝ
ပညာရှိသူတော်ကောင်းတို့ ရှုတ်ချကဲ့ရဲ့ ပြစ်တင်စက်ဆုပ်ဖွယ်သော မကောင်းမှုမှ ရှောင်ကြဉ်သောသူများအပေါ် လေးစားလျက် မိမိကိုယ်တိုင်လည်း သူတော်ကောင်းတို့ ပြစ်တင်ရှုတ်ချ ကဲ့ရဲ့စရာ၊ စက်ဆုပ်ရွံ့ရှာဖွယ် အပြုအမူတို့သည် အလွန်ရှက်စရာကောင်းလှပါကလား ဟူသော အသိဖြင့် မကောင်းမှုပြုရမှာကို အရှက်ကြီးစွာဖြင့် ရိုသေလေးစားစွာ စောင့်ထိန်းခြင်းသည် ဟိရီဂါရ၀ဖြစ်၏။
၉။ သြတ္တပ္ပဂါရဝ
မကောင်းမှု အကုသိုလ် ဒုစရိုက်တရားများသည် ကောင်းကျိုးချမ်းသာ ဖြစ်စေနိုင်သော တရားများမဟုတ်၊ မကောင်းသော ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စသည့် အပါယ်လေးဘုံသို့ ရောက်စေတတ်သော အကုသိုလ်တရားဆိုးများ ဖြစ်သည်ဟု ကြောက်လန့်သောအသိစိတ်ဖြင့် အကုသိုလ်ဒုစရိုက်မှုများကို မပြုလုပ်ဘဲ ရိုသေလေးစားစွာ ရှောင်ကြဉ်ခြင်းသည် သြတ္တပ္ပဂါရ၀ဖြစ်၏။
၁၀။ အညမညဂါရဝ
အတူတကွ ပြုလုပ်သော လုပ်ငန်းတာဝန် ထမ်းဆောင်ဖက်၊ ခရီးသွားဖော်သွားဖက်၊ အပေါင်းအသင်း မိတ်ဆွေ၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား၊ သားသမီးနှင့်မိဘ၊ ဆွေမျိုးညီအစ်ကို မောင်နှမမှစ၍ လူမျိုးဘာသာမရွေး အချင်းချင်း တစ်ဦးကိုတစ်ဦး ကောင်းရာကောင်းကြောင်းတို့တွင် စေတနာသန့်သန့်ဖြင့် အပြန်အလှန် ရိုသေလေးစားစွာ စောင့်ရှောက်ကူညီခြင်းသည် အညမညဂါရ၀ဖြစ်၏။
မှတ်ချက်။ ။အထက်ပါ ဂါရ၀တရားဆယ်ပါးကို မေတ္တာရှင်ဘာသာယဉ်ကျေးမှု မဂ္ဂဇင်းမှ သာဓုမြေ-ဘုန်းရှိန်၏ ဂါရ၀နှင့်နိဝါတ ဆောင်းပါးမှ အကျယ်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
အဆိုပါ ဂါရ၀တရားဆယ်ပါးကို ကျွန်တော်တို့အားလုံး လက်ကိုင်ထား၍ မာန်မာနတွေကို ခ၀ါချထားလျှင် အားလုံးအဆင်ပြေ ကြလိမ့်မည်။ ကျွန်တော်တို့စာပေများတွင်လည်း ဖတ်ဖူး သင်ဖူး လေ့လာဖူး ကြပေလိမ့်မည် ဖြစ်ပါသည်။ အမျိုးသား ပညာဝန်ဦးဖိုးကျားနှင့် ကောလိပ်ကျောင်းသား မောင်သောင်းဖေ အကြောင်းတို့ဖြစ်ပါသည်။ မောင်သောင်းဖေ ကောလိပ်မှ ပြန်လာစဉ် ပညာဝန်ဘ၀ဖြင့် နယ်မြို့တစ်မြို့သို့ ကျောင်းစစ်ဆေးရန် သွားသော ဦးဖိုးကျားနှင့် လမ်းတွင်တွေ့၍ မောင်သောင်းဖေ၏ သားရေသေတ္တာကို အလုပ်သမားအဖြစ် အခမဲ့ သယ်ပေးခဲ့လေသည်။ မောင်သောင်းဖေသည် သူ့သေတ္တာကို သယ်ပေးသူမှာ အမျိုးသား ပညာဝန်ဦးဖိုးကျားဖြစ်မှန်း မသိခဲ့ပါ။ သိသောအခါမှ ဦးဖိုးကျားထံ သွားရောက်ကန်တော့ရလေသည်။
ဤအချက်တွင် ကောလိပ်ကျောင်းသား မောင်သောင်းဖေ ပညာမာန်တက်ပြီး ဘ၀င်မြင့်နေသည်ကို ဦးဖိုးကျား၏ မိမိစိတ်ကိုနှိမ့်ချ၍ မာန်မာနမထားဘဲ မင်္ဂလာတရားတော်နှင့်အညီ လမ်းညွန်ပေးခဲ့ခြင်းကြောင့်သာ မောင်သောင်းဖေ အသိတရားရ၍ နောင်တရခြင်းဖြစ်ပါသည်။
ဂါရ၀တရားလက်ကိုင်ထားနိုင်ကြပါစေ။
မိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး(မြန်အောင်)

--
Sent by http://webuzz.im/mail/ web mail client

ဦးဂိုအင်ကာ၏ ဒိုဟာဓမ္မကဗျာ

မိမိတို့၏ အပြုအမူများသည် မိမိတို့၏ သားသမီးများဖြစ်ကြ၏။ မိမိတို့၏
အပြုအမူများသည် မိမိတို့၏ မိဘများဖြစ်ကြ၏။ မိမိတို့၏ အပြုအမူများသည်
မိမိတို့၏ အသွင်အပြင်ဖြစ်ကြ၏။ မိမိတို့၏ အပြုအမူများသည်
မိမိတို့ကိုယ်တိုင်ဖြစ်ကြ၏။
Our actions are our children; our actions are our parents. Our actions
form us; our actions are ourselves.
သင်၏အပြုအမူကို သင်ကသာလျှင် ချုပ်ကိုင်နိင်၏။ ကမ္မပထ ကံ၏လမ်းကို
သင်ကိုယ်တိုင် ဖန်တီးပြီး သင်ကိုယ်တိုင် ဖျက်ဆီးပစ်သည်။
Over your own actions you alone have control. You build the road of
kamma; you destroy this road.
ဒုက္ခ၏အကြောင်းသည် မှားသောအပြုအမူဖြစ်၏။ ဒုက္ခ၏အကြောင်းသည် နတ်ဒေ၀တာ
မဟုတ်ပေ။ ယင်းသို့ဖြစ်လျှင် မိမိ၏ အပြုအမူများကို သန့်ရှင်းစင်ကြယ်အောင်
အဘယ်ကြောင့် မပြုလုပ်နိုင်ရမည်နည်း။
The cause of suffering is wrong action. The cause of suffering is not
a god. Then why not rectify your own actions?
မိမိတို့ ကူးလွန်ပြုလုပ်သော အပြစ်မကင်းသည့် အပြုအမူများကသာလျှင်
ဒုက္ခဒီရေလှိုင်းကို ဆောင်ကြဉ်းလာခြင်းဖြစ်၏။ သနားစရာ သူ့ခမျာ နတ်ဒေ၀တာကို
အဘယ်ကြောင့် အချည်းနှီးအလဟသ အပြစ်တင်နေရသနည်း။
Our own wrong actions carry the tidings of suffering. Why unfairly
blame poor God?
၂၀၁၂ ခုနှစ် ဇန်န၀ါရီလထုတ် အပ္ပာမာဒ ဓမ္မရသ မဂ္ဂဇင်းမှ ကူးယူပြီး ပြန်လည်မျှဝေပါသည်။
တောသားလေး(မြန်အောင်)

လိုက်နာဖွယ်ရာ ဆုံးမစာ

မေတ္တာရှင် ဘာသာယဉ်ကျေးမှု မဂ္ဂဇင်းတွင် ဖော်ပြထားသော ကျွန်တော်ဖတ်ရသည့် ဆရာတော်ကြီးများ၏ အဆုံးအမများကို စုစည်းကူးယူ၍ ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ဂါရဝေါနဲ့ပြော နိဝါတောနဲ့ဆို
"ဒကာကြီးရယ် သဘောထားကွဲလွဲမှု ဆိုတာက ဓမ္မတာအတိုင်း လူ့လောကမှာ ရှိတာမျိုးပေါ့။ သူဘက်ကိုယ့်ဘက် ပြောစရာရှိတာတော့ ပြောကြရမှာပေါ့။ ဒါပေမဲ့ ငယ်သူက ကြီးသူနဲ့ပြောကြတဲ့အခါ သဘဘောကွဲလွဲချက်ပင်ဖြစ်စေကာမူ "ဂါရဝေါစနဲ့" ပြောတယ်။ ကြီးသူကလည်း ငယ်သူနဲ့ ပြောတဲ့အခါ သဘောထားကွဲလွဲချက်ပင်ဖြစ်စေကာမူ "ငါက အကြီးပဲ " ဆိုပြီး အထက်စီးနဲ့ မပြောရဘူး။ "နိဝါတောစ"  နဲ့ ပြောရတယ်။
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး
ပုထုဇဉ်ရဲ့သဘာဝ
ပုထုဇဉ်ရဲ့ သဘာဝဆိုတာ ကောင်းတာလေးတွေ လက်ထဲရောက်လာတော့ မလွှတ်နိုင်တော့ဘူး။ ဒါ ပုထုဇဉ် အများစုရဲ့ သဘာဝ။
ပုထုဇဉ်အများစုတွေဟာ ကောင်းတာ မှန်သမျှ အကုန်လုံးကို လိုချင်တယ်။ လက်ထဲကို ကောင်းတာရောက်လာတော့ လက်မလွှတ်နိုင်တော့ဘူးတဲ့။ သူတော်ကောင်းဆိုတာက ကောင်းတာအကုန်လုံး စွန့်လွှတ်ရတာ။ ဗဟိဒ္ဓပစ္စည်းမပြောနဲ့၊ အသက် ခန္ဓာကိုယ်တောင်မှ စွန့်လွှတ် အနစ်နာခံခဲ့ရတာ။ ပုထုဇဉ်ရဲ့ စိတ်ဆိုတာ မရေရာပါဘူး။
ဒါနဆိုရင် အခုပဲ ပေးမယ်လို့လုပ်တယ်။ အခုပဲ မပေးဘူးလို့ လုပ်ပြန်တယ်။ သူတော်ကောင်းဆိုတာ တိကျပြတ်သားတဲ့ စိတ်ကို ထားရတာဗျ။
တိပိဋကဓရ ယောဆရာတော်
သုံးပါးမြတ်စွာ မင်္ဂလာတရားမှ
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
တောသားလေး(မြန်အောင်)


နွေးထွေးပျူငှာစွာ ကြိုဆိုပါတယ်...

မိတ်ဆွေသူငယ်ချင်းများ ခင်ဗျာ အမှတ်တရ ရင်ခွင်ရိပ်မွန် ဆိုဒ်လေးကိုလည်း လာရောက်လည်ပတ် အားပေးနိုင်ပါတယ် ခင်ဗျာ။ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်။

*** ဓမ္မမိတ်ဆွေ သူငယ်ချင်းတို့၏ အမှတ်တရစကားများ ***

 
မူလစာမျက်နှာ | ဒိုမိန်းအလှူရှင် စေတနာရှင်မလေး - | စာရေးသူ ***တောသားလေး